လောကမှာ ပုဂ္ဂိုလ် နှစ်မျိုးရှိပါတယ်၊
တစ်မျိုးက “အဆိုးမြင်သမား” နောက်တစ်မျိုးက “အကောင်း မြင်သမား”..တဲ့။
“အဆိုးမြင်သမား..”..က
မြင်သမျှ ကြားသမျှကို အဆိုးဘက်ကချည်း ရှုမြင်သုံးသပ်ပါတယ်။
ကောင်းတာလေး ရှိတာကိုတောင်မှ လျှော့ပေါ့စဉ်းစားတယ် ၊
တစ်ဘက်က သူတစ်ပါးကို အဆိုးမြင် သလောက် မိမိဘက်ကျတော့ အကောင်းမြင်တတ်တယ်။ သူတစ်ပါး ဘယ်လောက်တော်တော် ငါ့လောက် မတော်သေးပါဘူးဆိုတဲ့ စိတ်ဓာတ် ရှိနေပါတယ်။ ဒါကို စာက
“ပရ၀မ္ဘန အတ္တုက္ကံသန” လို့ ခေါ်တယ်။
သူတစ်ပါးကို အပြစ်မြင် အကောင်းမထင်တဲ့ သူရဲ့ရင်ထဲမှာ ဘာတွေ ရှိနေမယ်ဆိုတာ စဉ်းစား ကြည့်ပါ။ ငါဆိုတဲ့ အတ္တ ၊ ထောင်လွှားတဲ့ မာန၊ အပြစ်ကို ရှုမြင်တဲ့ ဒေါသတရားတွေ ကိန်းနေမှာ အမှန်ပဲ။
အတ္တ၊ မာန ၊ ဒေါသ တရားတွေ လွှမ်းမိုးနေရင် သူ့ရဲ့အပေါင်းအသင်း အကုသိုလ် စေတသိတ် တွေ အင်နဲ့ အားနဲ့ အလုံးအရင်း တပ်ချီစွဲတော့မယ်။
အတ္တ မာန ဒေါသ တွေဟာ ရှေ့ပြေး ကင်းတွေပဲ။ အဲဒါ သတိရှိဘို့ လိုတယ်။
နောက်တစ်မျိုးက
“အကောင်းမြင်သမား”.ပါ..။
သူက မြင်သမျှ ကြားသမျှ တွေ့ ထိခံစား သမျှကို ကောင်းတဲ့ဘက် ဆွဲယူ တွေးတောတယ်။ မကောင်းတာတွေ အမှားတွေ တွေ့နေတာ တောင်မှ
ခွင့်လွှတ် သည်းခံတတ်တယ်။ ဖြည့်ပြီးမြင်တတ်၊ တွေးတတ်တယ်၊
သူ့ရဲ့ သန္တာန်မှာ
မိမိကိုယ်ကို ချီးပင့်တတ်တဲ့ “အတ္တုက္ကံသန”
သူတစ်ပါးကို ရှုတ်ချတတ် တဲ့ “ပရ၀မ္ဘန” မရှိဘူး။
ခွင့်လွတ် သည်းခံတယ်၊ကောင်းတဲ့ဘက်ကို ဖြည့်ပြီးမြင်တယ်၊
တွေးတယ်ဆိုတာ ဘာစိတ်လဲ၊ အဒေါသစိတ်၊ မေတ္တာစိတ်၊
သူ့သန္တာန်မှာ ကိုယ်ချင်းစာစိတ်ရှိတယ်။
ဒီတော့ ကုသိုလ်ဖြစ်မလား ၊ အကုသိုလ်ဖြစ်မလား၊ တွေးကြည့် သိသာတယ်။
ဒီလို ခွင့်လွှတ်သည်းခံတတ်လို့ မေတ္တာထားလို့ ကိုယ်ချင်းစာလို့ သူ့ကို လူပျော့ လူညံ့လို့ မထင်နဲ့ ၊ အကောင်း အဆိုး သူသိနေတယ်။
လူပျော့လူညံ့အစစ်က ဘာမှမသိတာ။မောဟသမား။
သူများပြောတိုင်းခေါင်းညိမ့်ပြီး နောက်ယောင်ခံနေတာ၊ ကောင်း ဆိုး နှစ်တန် မဝေဖန်နိုင်တာ။
ကဏန်း၊ ပုတ်သင်၊ ကိုင်းပင်၊ လိပ်မျိုး၊ နွားသိုး၊ ခွေးအ၊
ဤခြောက်ဝ အနာယက ဂုဏ်အင်္ဂါ ဆိုတဲ့ အထဲမှာ
ပုတ်သင်လို ခေါင်းညိမ့်ပြီး၊ ကိုင်းပင်လို ယိမ်းတတ်တဲ့ ပုဂ္ဂိုလ်မျိုး။
“အဆိုးမြင် အပြစ်မြင်တတ်သူ”ရဲ့ ရှေ့ရေးကို တွေးကြည့်၊ ကောင်းစရာ မရှိဘူး။
အတ္တ၊ မာန၊ ဒေါသတွေ လွှမ်းနေတယ်။
မဝေဖန် မပိုင်းခြားနိုင်သူကကော၊ မောဟ ဖိစီးခံရသူ။
ဒီတော့ “စေတနာ ဟံ ဘိက္ခဝေ ကမ္မံ ၀ဒါမိ” လို့ ဗုဒ္ဓမြတ်စွာဘုရားကဟောပါတယ်..။
“ကောင်းစေတနာ မဟုတ်တော့ ကောင်းကံတွေ မလာတော့ ဘူး..”ပေါ့။
အကောင်းမြင်သမား..ကတော့…
ကောင်း ဆိုး နှစ်တန်ကို သိတယ်။
အပြစ် မမြင်၊ အပြစ် မတင်တတ်ဘဲ ခွင့်လွှတ်တတ်၊ ဖြည့် မြင်တတ်သူက အဒေါသ သမား..
အကောင်းမြင်ဝါဒ ရှိသူ။
ထိုပုဂ္ဂိုလ် မိမိ ကိုယ်နှင့် နှိုင်းစာကြည့်တယ်.. မိမိကိုယ်ကို ပြန်သုံးသပ်တယ်.. အရေးကြီးတာက အဲဒါပဲ။ ကိုယ့်ကိုယ်ကိုယ်ဘယ်လို ပုဂ္ဂိုလ်မျိုးလဲ ဆိုတာ ဆန်းစစ်ကြည့်ဖို့ပါ…။
မိမိကိုယ်ကို သတိရှိနေရင် အမှားအယွင်းသိပ်မဖြစ်နိုင်ပါဘူး။
ရဟန်းဟာ ရဟန်းဆိုတဲ့ အသိ ရှိရင်၊ သာသနာ စိတ်ရှိတယ်လို့ ခေါ်ပါတယ်။
ရဟန်းဖြစ်ပြီး ရဟန်းအသိမှ မရှိရင် ကျန်တာတွေ အတူတူ ဖြစ်သွားမယ်။ အမျိုးသားဟာ အမျိုးသား သတိ၊ အမျိုးသမီးဟာ အမျိုးသမီး ဆိုတဲ့ သတိရှိမှ ကောင်းတာ။
ဗုဒ္ဓမြတ်စွာဘုရားရှင်..ကလည်း ဟောထားတာပဲ။
“ပရ၀ဇ္ဇာနုပဿိဿ၊ နိစ္စံ ဥဇ္ဈာနသညိနော။
အာသ၀ါ တဿ ၀ဎန္တိ ၊ အာရာ သော အာသ၀က္ခယာ”
“သူတစ်ပါးကို အပြစ်မရှာပါနဲ့၊
မိမိကိုယ်ကို ဆင်ခြင်ပါ။
သူတစ်ပါး အပြစ် ရှာတတ်သူဟာ နိဗ္ဗာန် မပြောနဲ့
ပစ္စက္ခမှာပင် ဆုတ်ယုတ်တယ်..”..
ဒါကြောင့် အကောင်းမြင်သမား ဖြစ်အောင် ကြိုးစားကြပါစို့ လို့……။

0 comments:
Post a Comment
မှတ်ချက်များကို စီစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ
ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏
မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။