.
ယဉ်​​ကျေးသိမ်​​မွေ့​သောသင့်အား truedonation မှ ​နွေး​ထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ t░r░u░e░d░o░░n░a░t░i░o░n♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸23.5.2010 တွင်​​စတင်​​တည်​​ထောင်​​ပါသည်

Saturday, January 28, 2012

အချစ်များရင်ထဲမှာ…အချစ်များအတွေးထဲမှာ


ဒီနေ့ ရုံးပိတ်ရက်မို့ နေမြင့်တဲ့အထိ အိပ်ယာထဲလှဲအိပ်နေလိုက်မယ် တွေးနေတုန်း ဈေးမှာ နေတဲ့ အမေ့အသံကြားလိုက် တော့မှ မနေ့က ကို ပြောခဲ့တာ သွားသတိရလိုက်မိတယ်...ဝေ့အမေရဲ့ ဆိတ်သားဟင်းလေး မစားရတာ ကြာပေါ့နော်... တဲ့..။ ဒီနေ့က စနေနေ့ဆိုတော့ လာမယ့် တနင်္လာနေ့ ဆိတ်သားဟင်းလေး ထည့်သွားနိုင်အောင် လုပ်ရမယ်..။ ဈေးသွားမယ့် ဦးလေး ထွက်မသွားခင် ကသောကမျော ပြေးထွက်ပီး အမေ့ကို ပြောဖြစ်တယ်..။ ဆိတ်သား မှာလိုက်ဦး အမေ...ဆိုတော့ အံ့အားသင့်သွားတဲ့ ဟန်ပန်နဲ့ အမေက ရုတ်တရက်လှည့်ကြီးပြီး.
...အံမယ်...ငါ့သမီးက ဟင်းတွေဘာတွေ မှာလို့ပါလားးး တဲ့..။ အမေ ပြောမယ်ဆို ပြောချင်စရာပါ..။ ကျမအသက် 20-ကျော်ခဲ့ပြီ...ဟိုဟင်း စားချင်တယ်..ဒီဟင်းမကြိုက်ဘူးးး တစ်ခါမှ မပြောခဲ့ဖူးဘူးး အမေတို့ အဖေတို့ကတော့ အဲသလို   ပြောစေချင်တာ... တောင်းဆိုစေချင်တာရယ်...တစ်ခါမှ မပြောဖူး မမှာဖူးတဲ့ သမီးက တခုတ်တရ မှာလိုက်တော့.... မောင်သန်းဆောင်... ကြားတယ်နော်...ငါ့သမီး စားချင်တယ်ပြောတယ်... ဆိတ်သားတစ်တွဲလောက် ဆွဲခဲ့လိုက်ကွယ်....ဒါနဲ့ သမီး ဘယ်လိုစားချင်လဲ..တဲ့.. ရပါတယ် အဆင်ပြေသလိုချက်ပါ... ဆိတ်သားဟင်းဖြစ် ပြီးတာပါပဲ ပြောပြီး အိပ်ယာထဲ ပြန်လှဲနေလိုက် တယ်..။ တကယ်တော့ ဆိတ်သားဆို ညှီလွန်းလို့ မကြိုက်ပေမယ့် ကို ကြိုက်တယ်ဆိုလို့ အမေ့ကို မပူဆာစဖူး ပူဆာလိုက်မိတာရယ်..။

ကဲ… ငါ့သမီး စားချင်တဲ့ ဆိတ်သားဟင်း ချက်ပေးလိုက်တယ်နော်… ကုန်အောင်စားခဲ့…လို့ ပြောတဲ့အမေ့ကိုတောင်   ကျေးဇူးစကား မပြောမိဘဲ ရုံးကို လိုက်ပို့ပေးမယ့် ကားပေါ် တက်ထိုင်နေလိုက်တယ်... ကားဘီးမှ စမလှိမ့်သေးဘူး ကျမအတွေးတွေက ကို့ ဆီ ပြေးထွက်သွားခဲ့ပြီရယ်.. အထက်တန်းကျောင်းသူဘ၀ တက္ကသိုလ်ကျောင်းသူဘ၀ ချစ်သူရည်းစားထားတဲ့ သူငယ်ချင်းတွေကို အပြစ်တင်လေ့ ဝေဖန်လေ့ ရှိခဲ့တဲ့ ကျမဟာ ကို နဲ့ မတွေ့ခင်အချိန်ထိ အချစ်ဆိုတာကို မခံစားမိခဲ့ဘူးးး စားမယ် သွားမယ် ရုပ်ရှင်ကြည့်မယ် အဘွားတွေ အဒေါ်တွေနဲ့ လျှောက်လည်မယ် ပျော်ပွဲစားသွားမယ် ဘုရားဖူးသွားမယ် ဆိုတာတွေနဲ့ပဲ ကြီးပြင်းလာခဲ့တာာရယ်… အိမ်ထောင်ဖက်ဆိုတာ အချိန်တန်ရင် လူကြီးသူမတွေ စီစဉ်ပေးမှာပဲ ကိုယ်တိုင် အားစိုက်စရာ မလိုပါဘူးးး အဖေနဲ့အမေလည်း သူတို့မိဘတွေ စီစဉ်ပေးခဲ့တာပဲ အစ်မ၀မ်းကွဲတွေလည်း ထိုနည်းလည်းကောင်း လက်ထပ်ခဲ့ကြတာပဲ...လို့ပဲ တွေးထားဖြစ်ခဲ့တာာ…အချစ် ဆိုတာ ချိုသလား ခါးသလားး ပျော်ရွှင်ရသလား ပူဆွေးရသလားး အားလုံးရောယှက်နေတာပဲလားးး ကြည့်ဖူးတဲ့   မြန်မာဇာတ်ကားတွေထဲမှာလိုတော့ အချစ်ဆိုတာ သူတို့တင်စားသလောက် မဖြစ်နိုင်တာ သေချာပါတယ် ကိုရီးယားဇာတ်လမ်းတွဲတွေ အတိုင်းကျပြန်တော့ ပေရှည်နေတာနဲ့ အချစ်ရဲ့ အဓိပ္ပါယ်ကို ဘာသာပြန်ကြည့်လို့ မရခဲ့ပြန်ဘူးး ဒီလိုနဲ့ ကျမနှလုံးသားတံခါးကို အချက်မပေးဘဲ တွန်းဖွင့်ပြီး ကို ၀င်လာခဲ့တယ်.. မမျှော်လင့်တဲ့နေရာ မမျှော်လင့်ထားတဲ့အချိန်မှာ မမျှော်လင့်ထားတဲ့ ပုံစံမျိုးနဲ့ ကိုနဲ့ ဆုံတွေ့ဖြစ်ခဲ့ကြပါတယ်..။

တစ်နေ့ နေပြည်တော် ရောက်နေတဲ့ အဒေါ်က လူကြုံပေးလိုက်တယ်ဆိုလို့ အောင်ဆန်းကွင်းကို သွားပြီး အပြန်...ကျမစီးလာတဲ့ taxi ကို လူတစ်ယောက်ကတားတယ် .. taxi driver က ရပ်ပီး ဘယ်သွားမလဲ မေးတော့ ဘုန်းကြီးလမ်း စံပြ ဆိုတော့ သွားမယ့်နေရာနဲ့ လမ်းကြောသင့်နေတော့ တင်လိုက်မယ်နော် တူမကြီး ပြောတဲ့ taxi driver ကို ကျမ ဆိတ်ဆိတ်နေပီး သဘောတူလိုက် တယ်..။ရှေ့ခေါင်းခန်းကို ၀င်ထိုင်လိုက်ရင်းး နောက်ကို တစ်ချက်လှည့်ကြည့် ပြုံးပြလိုက်တဲ့ သူ့ ကို နှုတ်ခမ်းစူ မူတူတူ လုပ်ပြီး တုန့်ပြန်လိုက်တယ် ကွမ်း တပြစ်ပြစ်ထွေးလိုက် taxi driver ကို ဟိုဟိုဒီဒီစပ်စုလိုက် လုပ်နေတဲ့ သူ့ပုံစံကို နောက်ကျောက ကြည့်နေတာနဲ့တင် အညာသား တောသားမှန်းး သိသာတယ်..။ သူ့စကား နားထောင်ရတာ ရန်ကုန်ကို အခုမှ စရောက်လာတဲ့ပုံ...စံပြ သရက်တောကျောင်းတိုက်ထဲက သူတို့ ဦးပဇ္ဇင်းဆီ လာတည်းတဲ့ ပုံပဲ..။

သရက်တော ကျောင်းတိုက်ဆိုရင်တော့ ဒီနေရာပဲ ငါ့တူ...ရောက်ပီ ဆိုတော့ ချက်ချင်း မဆင်းဘဲ နောက်လှည့်ကြည့်တယ်…..အံမာ.. .တောသားးက ဒါမျိုးကျ မခေပါလားး တွေးမိပြီး နှုတ်ခမ်းကို တစ်ထွာလောက် စူထားလိုက်ပီး မျက်မှောင်ကုပ်ထားလိုက်တယ် ဆင်းစရာရှိ ဆင်းတာ မဟုတ်ဘဲ နောက်လှည့်ကြည့်နေသေးတယ်..။ ငါ့တူ ဆင်းလေကွာ...မင်းပြောတဲ့ သရက်တောကျောင်းတိုက်က ဟောဟိုဟာပဲ လို့ driver က လက်ညှိုးထိုးပြနေတာတောင် အင်းမလုပ်အဲမလုပ် လုပ်နေတယ်…ထမင်းစားချိန်အမီ ပြန်လာမယ်လို့ မန်နေဂျာကို   ပြောထားခဲ့တဲ့  ဟာ ဒီတောသားနဲ့ ကြာနေတော့မှာပဲ...တွေးရင်းး ပိုပို စိတ်တိုလာတယ်…..

တံခါးမဖွင့်တတ်လို့...တဲ့ ဗုဒ္ဓေါရေ....... လူပုံကြည့်တော့ လည်မလို ပတ်မလိုနဲ့ ကားတံခါးမဖွင့်တတ်လို့ တဲ့…ဟောဗျာာ....ငါ့တူရာ... မင်းဘေးနားးက ဟောဟိုဟာလေး ဆွဲရင်း တံတောင်နဲ့ ဆတ်ကနဲတွန်းဖွင့်လိုက်... မြန်မြန်လုပ်ကွာာ.. ဒီနေရာက ကြာကြာ ရပ်လို့မရဘူးးး အဖမ်းခံနေရဦးမယ် ပြောတော့ သူ ကြိုးစား ဖွင့်ရှာတယ် နောက်ကိုလည်း သူက လှည့်ကြည့်လိုက်သေးတယ်…ကျေးဇူးရှင်တောသား. .မောင်မင်းကြီးသားးး မြန်မြန်လေး ဆင်းပါရှင် ကျမနောက်ကျနေလို့ပါ...လို့ စိတ်ထဲက တတွတ်တွတ် ရွတ်ဆိုရင်း မေတ္တာပို့လိုက်မိတယ်..။

ကျမပို့တဲ့မေတ္တာ သူ့ဆီ ဒီလောက်မြန်မြန် ရောက်သွားလိမ့်မယ် မထင်ခဲ့မိဘူးးး ကျမကို ပြုံးပြပြီး သွားတော့နော် ဆိုတဲ့..သူ့စကားသံထဲမှာ အကြင်နာတွေ ပါနေသလိုလို ခံစားလိုက်မိပြီး ကြက်သီးထသလိုတောင် ဖြစ်သွားခဲ့မိတယ်..။ ဒီလိုနဲ့ ကျမနဲ့ တစ်ရုံးထဲ အလုပ်လုပ်တဲ့ သူ့ညီမ၀မ်းကွဲဆိုသူဆီ လူကြုံလာပို့ပေးတဲ့ ကိုတောသားနဲ့ ကျမ နောက်တစ်ကြိမ် ဆုံဖြစ်ခဲ့ပြန်ပါတယ်..။ ရုတ်တရက် မမှတ်မိ ချင်ယောင်ဆောင်  တာကို မရလိုက်ဘူး..။ အဲ….. အဲ… အဲဗျာ…. တစ်နေ့က Taxi အတူတူစီးဖြစ်ခဲ့တဲ့ ညီမ ထင်တယ် ဘာညာ နဲ့ စကားဖောရောဖော လုပ်လာတယ်..။ တောသားများလည်ပြီဆို မြို့သား လိုက်မမီဘူးဆိုတာ ဟုတ်မှာ….လို့တောင်   တွေးလိုက်မိသေး တယ်..။ ဒီလိုနဲ့ သူ့ညီမ၀မ်းကွဲဆိုသူဆီ ခဏခဏ လာလည်ရင်း ကျမကိုလည်း မကြာခဏ စကားဖောရောဖော ပြောရင်းနဲ့ ကျမ သတိမထားမိလိုက်တဲ့အချိန်မှာ ဘယ်သူ့ကိုမှ မပေးဖူးသေးတဲ့ ကျမအချစ်တွေကို မောင်ပိုင်စီးသွားပါတော့တယ်..။

ကို့ အချစ်ကို ဒီလောက်မြန်မြန် လက်ခံလိုက်လို့ ဝေ့ကို အထင်များသေးသွားသလားးး ကို… ဆိုတော့ ဟင့်အင်းးး တဲ့… ကို က ဝေ့ကို ကျေးဇူးတင်နေတာာာာ…တဲ့..။ ကို့ အသက် ဒီအရွယ်ရောက်တဲ့အထိ ဘယ်မိန်းကလေးမှ ကို့ အချစ်ကို လက်မခံဖူးသေးဘူးးးး တဲ့… ဝေ က ပထမဆုံးပဲ…တဲ့..။ သူ ပြောတဲ့ စကားက ရီရမလို ကိုယ့်ဘာသာပဲ အပြစ်တင်ရမလို ဖြစ်သွားမိသေးတယ်..။ အတွေ့အကြုံလေး ပြောပြပါဦး ဆိုတော့ သူကလည်း အားပါးတရ ပြောပြရှာတယ်..။ ပထမဆုံးတစ်ယောက် ကို ရည်းစားစာ စပေးတော့ ကောင်မလေးက ရွာက သူ့ဈေးဆိုင်ရှေ့ တံမြက်စည်းလှဲနေတာ..တဲ့..။ လက်ထဲ ထည့် မပေးရဲတော့ သူ တံမြက်စည်း လှဲနေတဲ့ မြေကြီးပေါ်ပဲ ပစ်ချပေးလိုက်တယ်..တဲ့..။ ကောင်မလေးက စာကို ဖွင့်မဖတ်ဘဲ စာအိပ်ကို လက်ကကိုင်ပြီး စောစောစီးစီး သူ့ကို ရည်းစားစာပေးရပါ့မလားးးဆိုပြီး နောက်ကနေ အော်ကြီးဟစ်ကျယ်နဲ့ ရန်လိုက်တွေ့လို့ ရွာဈေးထဲ ပတ်ပြေးခဲ့ရတယ်..တဲ့..။ ကို ပြောတာကို တဟားဟား အော်ရယ်ရင်း အဲအချိန်က ဖြစ်နေမယ့် ကို့ ပုံရိပ်ကို တွေးမိပြီး ရုတ်တရက် သနားသွားးးမိတယ်..။ အံမယ်…. ဒီကောင်မက ဘယ်လောက်အထိ မြင့်မြတ်နေလို့လဲ ဘာညာတောင် ပါးစပ်က ထွက်သွားမိသေးတယ်..။

နောက်တစ်ယောက်ကရော ဆိုတော့…. နောက်တစ်ယောက်ကတော့ မန္တလေးတက္ကသိုလ်မှာ ကျောင်းတက်ရင်းနဲ့ တွေ့တာ…တဲ့..။ အဲတုန်းက မာရဇ္ဇရဲ့ ဆံပင်ရှည်ရှည် အရပ်မြင့်မြင့် ကိုယ့်ချစ်သူလေး ဂန္တ၀င်မြောက် မင်းရဲ့အလှ ထူးခြားလွန်းတော့ ရင်ခုန်သံ မမှန်နိုင်အောင် ကို့အသဲလေးးး ကြွေပြီ….ဆိုတဲ့ သီချင်းခေတ်စားနေတဲ့အချိန် ကောင်မလေးက ဆံပင်ရှည်ရှည် အရပ်မြင့်မြင့်နဲ့ ချစ်စရာလေးးး တဲ့..။ တက္ကသိုလ်ကျောင်းသားဆိုတဲ့ ဂုဏ်ပုဒ်ကြောင့် ကောင်မလေးက အဖြေ ပြန်ပေးတော့မယ် ဆိုခါမှ သူ့အစ်မဆိုတာတွေ ကြားဝင်လာလို့ ချစ်ပါတယ် ဆိုတဲ့ အဖြေလေးတောင် နားမထောင်လိုက်ရပါဘူးးး တဲ့..။ နေပါဦးးး ဝေ့ကို ပြောရင်းနဲ့ ကိုက အဲဒီ ရည်းစားဟောင်းကို လွမ်းများးးနေသလားးး လို့ ခပ်ငေါ့ငေါ့လေးမေးမိတော့ တဟားဟား အော်ရယ်နေတဲ့ သူ့ပုံစံက အရင့်အရင် ဘ၀ဘ၀တွေ ကတည်းက ရေစက်ဆုံခဲ့သူဆိုတာ သေချာသလို ခံစားနေခဲ့ရတယ်..။

ချစ်သူတွေ ဖြစ်သွားကြပေမယ့် သူတကာတွေလို ကန်ဘောင်သွားထိုင်တာမျိုး ရုပ်ရှင်အတူတူကြည့်တာမျိုး မလုပ်နိုင်ခဲ့ပါဘူးးးး အလုပ်များတဲ့ ကို့အတွက် အချိန်ပိုဆိုတာ မရှိသလို ကျမအတွက်လည်း အားလပ်ရက်ဆိုတာ မရှိပါဘူးးး..။ ဒီတော့ နေ့လည် ထမင်းစားချိန်ကလေးမှာပဲ နှစ်ယောက်သား တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း ထမင်းလက်ဆုံစားတာမျိုး လက်ဖက်ရည်ဆိုင် ထိုင်တာမျိုးပဲ လုပ်ဖြစ်ခဲ့ပါတယ်..။ မနက်စာ နေ့လည်စာ ညစာ အကုန်လုံး ဆိုင်ထမင်း ဆိုင်ဟင်းပဲ စားနေရတဲ့ ကို က အိမ်ကချက်ပြုတ်ထည့်လာတဲ့ ကျမဟင်းကို မြိန်ရေယှက်ရေ စားတတ်ပါတယ်..။ ကို အားပါးတရ စားတာကိုကြည့်ကြည့်ပြီး ကြည်နူးနေရတဲ့ ပီတိနဲ့ပဲ ကျမ အလိုလို ဗိုက်ပြည့်သွားတတ်တာ များပါတယ်..။ တစ်နေ့ကတော့ ကိုက မပြောစဖူး ပြောလာတယ်..။ ဝေ့အမေရဲ့ ဆိတ်သားဟင်းလေး မစားရတာ ကြာပေါ့နော်...တဲ့..။ စိတ်ချ ကို ဝေထည့်လာခဲ့ပေးမယ်လို့ ကတိမပေးဖြစ်ခဲ့ပေမယ့် အတွေးထဲမှာတော့ ဒီ ဆိတ်သားဟင်းက အချိန်ပြည့် နေရာယူခဲ့ရင်း ဒီကနေ့တော့ ဆိတ်သားဟင်းကို ပါအောင် ယူလာနိုင်ခဲ့ပါပြီ..။

ရုံးရောက်တာနဲ့ အိတ်ကလေးချပြီး ကွန်ပြူတာတောင် မဖွင့်အားသေးဘူးးး ကို့ဆီ ဖုန်းဆက်ဖြစ်ခဲ့တယ်..။ လူကြီးမင်းဆက်သွယ်သော တယ်လီဖုန်းမှာ ဆက်သွယ်မှုဧရိယာပြင်ပ ရောက်နေပါသဖြင့်…… ဆိုတာ ကြားလိုက်ရတော့ နည်းနည်းတော့ ဘုသွားမိတယ်..။   စောစောစီးစီး ဘယ်နေရာရောက်နေလို့ ဖုန်းမမိရတာလဲ တွေးရင်း မရမက ခေါ်မယ် တွေးလိုက်မိတယ်..။ ရုံးက တခြား လုပ်ဖေါ် ကိုင်ဖက်တွေ ကိုယ့်စားပွဲမှာကိုယ် အလုပ်လုပ်ဖို့ အဆင်သင့် ဖြစ်နေကြတဲ့အချိန်အထိ ကျမ ကွန်ပြူတာ မဖွင့်ရသေးဘူးးးး..။ တစ်ယောက်ထဲ သဲကြီးမဲကြီးနဲ့ ကို့ ဆီ ကို ဖုန်းဆက်နေမိတာ..။ ထွေထွေထူးထူး မဟုတ်ပေမယ့် ကို ကြိုက်တယ်ဆိုတဲ့ ဆိတ်သားဟင်းလေး ဒီနေ့ချက်လာတယ်…နေ့လည်ကျရင် ကို စောစောလာခဲ့နော်…ဆိုတာလောက်ပဲ ပြောမှာရယ်..။ ခက်တာက ကို့ ဖုန်းက ဆက်သွယ်မှုပြင်ပ ရောက်နေရှာတယ်..။

မနက် 10 နာရီ ကျော်သွားခဲ့ပြီ… ကို့ဆီကို ဖုန်းခေါ်လို့မရသေးဝူးးးးး 11 နာရီ ထိုးပြန်ပြီ.. ဆက်သွယ်မှု ဧရိယာပြင်ပ တဲ့..။ ဟင်းးးးးးးးးးး ဒင်းတော့နော် ကျွေးချင်တဲ့ စေတနာတောင် မရှိချင်တော့ဘူးးးး လို့ တစ်ယောက်ထဲ ပွစိပွစိ ပြောနေမိပေမယ့် တကယ့်ရင်ထဲမှာတော့ ကို့ ပါးစပ်ထဲကို ဆိတ်သားဟင်းလေး ခွံ့ကျွေးချင်နေတာာာရယ်..။ နေ့လည် 12 ထိုးခါနီးမှ ကို့ ဆီက ဖုန်းဝင်လာတယ်..။ လူကြီးခရီးစဉ်ပါသွားလို့ နေပြည်တော် ရောက်နေတယ်…တဲ့..3-4 ရက်လောက်တော့ကြာမယ်…တဲ့… ဒီတစ်ပတ် မမီရင်တောင်   နောက်တစ်ပတ် တနင်္လာနေ့ကျမှ ထမင်းအတူ လာစားတော့မယ်…ဝေ့ အတွက် လက်ဆောင်တွေလည်း ၀ယ်လာခဲ့ပေးမယ်…တဲ့..။ ကို က စကားတစ်လုံးချင်း တစ်ခွန်းချင်း ပြတ်ပြတ်သားသား ပြောပြနေပေမယ့် ကျမနားမှာ ကြားတစ်ချက် မကြားတစ်ချက်နဲ့ရယ်..။ ဝေ့အမေရဲ့ ဆိတ်သားဟင်းလေး မစားရတာ ကြာပေါ့နော်... လို့ ကိုပြောခဲ့တဲ့ စကားကို ပြန်သတိရလိုက်…ငါ့သမီး စားချင်တဲ့ ဆိတ်သားဟင်း ချက်ပေးလိုက်တယ်နော်… ကုန်အောင်စားခဲ့…ဆိုတဲ့ အမေ့စကားကို ပြန်ကြားယောင်လိုက်… ဘေးနားက ထမင်းဗူးလေးကို   ငေးကြည့်လိုက်နဲ့…. ကျမအတွေးတွေကို ဘယ်အရာတွေက ဒီလောက် ယောက်ယက်ခတ်နေစေတာလဲ ကိုရယ်..။  နော်အယ်မူးဖော

0 comments:

Post a Comment

မှတ်ချက်များကို စီစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ

ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏

မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...

ယဉ်ကျေးသိမ်မွေ့သောသင့်အား truedonation မှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░P░y░a░d░a░i░k░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

Share

Twitter Delicious Facebook Digg Stumbleupon Favorites More