ကျော်ကိုကိုရဲ့ သွင်းဂိုးနှစ်ဂိုးနဲ့ အင်ဒိုအသင်းအပေါ် အနိုင်ယူလိုက်တဲ့ မြန်မာအသင်း ( မြန်မာ ၃း၁ အင်ဒိုနီးရှား )
မြန်မာအသင်းသည် ဘရူးနိုင်း ဖိတ်ခေါ်ပြိုင်ပွဲ၏ ဒုတိယ ပွဲစဉ်အဖြစ် အင်ဒိုအသင်းနှင့် ရင်ဆိုင်တွေ့ဆုံရာတွင် ဂိုး ပြည့်ဖြိုးအောင်၊ နောက်တန်း ဇော်မင်းထွန်း၊ ရန်အောင်ဝင်း၊ နန္ဒာကျော်၊ညီညီအောင်၊ အလယ်တန်း၊ သိန်းသန်းဝင်း၊ ကြည်လင်း၊ ကျော်ဇေယျာဝင်း၊ ရဲဇော်ထက်အောင် နှင့် ရှေ့တန်းတွင် ဒေးဗစ်ထန်၊ ကောင်းစည်သူတို့ ပွဲထွက် လာခဲ့သည်။

ပွဲစတင်သည်နှင့် မြန်မာအသင်းမှ စတင်ထိုးဖောက် ကစားလာခဲ့သည်။ ကွင်းလယ်တွင် ကြည်လင်း ဒေးဗစ်ထန်တို့ ဦးဆောင်သည့် မြန်မာအသင်းက ဦးဆောင်ထားနိုင်ပြီး အင်ဒိုတို့အပေါ် အနည်းငယ် ဖိကစားထားခဲ့သည်။ ပွဲချိန် ၁၀ မိနစ်အထိ နှစ်သင်းစလုံး အပြန်အလှန်ဖြင့် ကွင်းလယ်တွင်သာ အချိန်ကုန်နေခဲ့သည်။ ၁၁ မိနစ်တွင် အင်ဒိုတို့ ညာခြမ်း ဖြတ်တင် ပေးပို့ခဲ့သော်လည်း မြန်မာနောက်တန်းမှ ကာကွယ်သွားနိုင်ခဲ့ပြီး ဂိုးသမား ဖမ်းမိခဲ့သည်။ မိနစ်ပိုင်းအတွင်း မြန်မာတို့ ပြန်လည် ထိုးဖောက် လာခဲ့ပြီး ညာခြမ်းမှ ကြည်လင်း လွတ်လွတ်ကျွတ်ကျွတ် ဖြတ်တင်ခဲ့သော်လည်း ဂိုးဘားပေါ်မှာ ကျော်ထွက်သွားခဲ့သည်။ အင်ဒိုတို့ တရပ်စပ် ထိုးဖောက်နိုင်ခဲ့သည့် အတွက် မြန်မာနောက်တန်း အသည်းအသန် ဖြတ်ထုတ်နေခဲ့ရသည်။ ၁၇ မိနစ်တွင် မြန်မာ အသင်း ကန်သွင်းမှု့မှ ပထမဦးအကြိမ် ထောင့်ကန်ဘောရသော်လည်း အသုံး မချနိုင်ခဲ့ပေ။ ၁၉ မိနစ်တွင် မြန်မာ ကွင်းလယ်မှ ပျက်သွားသည့် ဘောလုံးအား အင်ဒိုကွင်းလယ်မှ ဖြတ်ပေးလိုက်သည့် ဘောလုံးအား အင်ဒိုအသင်းခေါင်းဆောင် နံပါတ် ၁၀ လွတ်လွတ်ကျွတ်ကျွတ် ထွက်သွားခဲ့ပြီး အပိုင် ကန်သွင်းယူကာ ဦးဆောင်ဂိုး ရယူပေးခဲ့သည်။ မြန်မာ ဂိုးသမား မလိုအပ်ပဲ ရှေ့ထွက်ဆွဲသည့် အတွက် ဂိုးပေးခံလိုက်ရခြင်းလည်း ဖြစ်သည်။ သိပ်မကြာမှီ နှစ်ဖက် အသင်သားများ အချင်းအနည်းငယ် များခဲ့ပြီး ဒိုင်လူကြီးမှ ဖြန်ဖြေပေးခဲ့ရသည်။
ဂိုးပေးရလိုက်ပြီးနောက် မြန်မာတို့ ဖိအားပေး ထိုးဖောက်လာခဲ့သည်။ အင်ဒို ပရိတ်သတ်များ အတော်များများ လာရောက်အားပေးခဲ့ကိုလည်း တွေ့ရသည်။ မြန်မာတို့ ပိုမို ထိုးဖောက်ခဲ့ပြိး ၂၅ မိနစ်တွင် ကွင်းလယ်မှ ကြည်လင်း အနေတော် ထိုးပေးလိုက်သည့် ဘောလုံးအား အသင်းခေါင်းဆောင် ကျော်ဇေယျာဝင်း အပိုင် ကန်သွင်းမှု့ ဂိုးသမားကို ကျော်လွန်ခဲ့သော်လည်း အင်ဒို နောက်တန်းမှ ဖျက်ထုတ်နိုင်ခဲ့သည့် အတွက် ခြေပဂိုး ရခွင့် လက်လွှတ်ခဲ့ရသည်။

မြန်မာအသင်းမှာ ကစားကွက်ပိုင်းတွင် အင်ဒိုအသင်းထက် အနည်းငယ် သာလွန်သော်လည်း အချိတ်အဆက် အပေးအယူများ အနည်းငယ် လွဲချော်နေသည့်အတွက် ထိုးဖောက်ရခက်နေခဲ့သည်။ မြန်မာတို့ ကွင်းတ၀က်နီးပါး ဖိကစားထားခဲ့ပြီး အင်ဒိုတို့ ခံစစ်ပုံစံဖြင့် ကစားနေခဲ့ရသည်။ ကွင်းလယ်လူ ကြည်လင်း အပျက်များနေခဲ့ပြီး မြန်မာတိုက်စစ်မှာ အင်ဒို နောက်တန်းအား ကောင်းစွာ ဒုက္ခပေးနိုင်ခြင်းမရှိခဲ့ပေ။ အင်ဒိုတို့၏ တန်ပြန်တိုက်စစ်မှာလည်း ကောင်းမွန်လှပြီး ၃၅ မိနစ်တွင် အင်ဒိုကွင်းလယ်မှ ကန်သွင်းချက် ဂိုးဘာတိုင် ထိထွက်သည့်အတွက် မြန်မာတို့ သက်သာရ ရခဲ့ခြင်း ဖြစ်သည်။ မိနစ်ပိုင်းတွင် မြန်မာ ကွင်းလယ်မှ သိန်းသန်းဝင်း ကန်ချက် ကောင်းမွန်ခဲ့သော်လည်း အင်ဒိုနောက်ခံလူ ထိကာ ဘေးထွက်ခဲ့သည်။ မြန်မာတို့ ဖိကစားထားခဲ့သော်လည်း ကွင်းလယ် ကစားသမားများ အပျက်များနေသည့်အတွက် အင်ဒို အသင်း၏ တန်ပြန် တိုက်စစ်ကို မနည်း ထိမ်းချုပ်နေရသည်။ ၃၈ မိနစ်တွင် တန်ပြန်တိုက်စစ်မှ အင်ဒိုတိုက်စစ်မှူး တစ်ကိုယ်တော် ထိုးဖောက် ကန်သွင်းချက် ကောင်းမွန်ခဲ့သော်လည်း မြန်မာဂိုးသမား ပြည့်ဖြိုးအောင် ကာကွယ်နိုင်ခဲ့သည်။ ၄၁ မိနစ် ကျော်ဇေယျာဝင်း အင်ဒိုနောက်ခံလူများ ကြားမှ ကန်သွင်းချက် ဂိုးဘားကျော်လွန်ခဲ့သည်။ မြန်မာတို့ ညာကြောမှ ဒေးဗစ် ထန်၊ ညီညီအောင်တို့တွဲလုံး များဖြင့် ထိုးဖောက်ခဲ့သော်လည်း ဂိုးရရန် အလှမ်းကွာဝေးနေခဲ့သည်။ တိုက်စစ်မှူး ကောင်းစည်သူမှာ လူပိုလိုဖြစ်နေခဲ့ပြီး ရဲဇော်ထက်အောင် မှာလည်း ပုံမှန်ခြေစွမ်း ပျောက်ဆုံးနေခဲ့သည်။ ပထမပိုင်း ပွဲပြီးဆုံးချိန်မိနစ်များတွင် အင်ဒိုတို့ ပြန်လည် တိုက်စစ်ဆင်ကစားခဲ့ပြီး ထိုးဖောက်မှု့များအား မြန်မာ နောက်ခံလူများနှင့် ဂိုးသမားတို့ ကာကွယ်မှု့ ကောင်းနေသည့်အတွက် ဒုတိယဂိုးရခွင့် ဆုံးရှုံးခဲ့ရပြီး ပထမပိုင်းအား ကုန်ဆုံးစေခဲ့သည်။

မြန်မာအတွက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့သည့် ကျော်ကိုကို
ဒုတိယပိုင်း စတင်ချိန်တွင် သိန်းသန်းဝင်းအစား ကျော်ကိုကို လူစားထိုး ၀င်ရောက်လာသည်။ ဒုတိယပိုင်း စတင်သည်နှင့် မြန်မာတို့ ခြေပဂိုး ရရှိရေး ပိုမိုကြိုးစားလာခဲ့သလို ပွဲစပြီး မိနစ်ပိုင်းတွင်ပင် ညာကြောမှ ဖြတ်တင်ပေးပို့လိုက်သည့် ဘောလုံးအား အင်ဒိုနောက်ခံလူများ ဖျက်ထုတ်မှု့မှ လျှံကျလာသည့် ဘောလုံးအား အသင်းခေါင်းဆောင် ကျော်ဇေယျာဝင်း ဘယ်ခြေနှင့် မြေမကျကန်ချက်နှင့် ကန်သွင်းယူခဲ့ပြီး မြန်မာတို့ အတွက် ခြေပဂိုးအား သွင်းယူပေးခဲ့သည်။ ဂိုးပေးလိုက်ရပြီးနောက်ပိုင်း အင်ဒိုတို့ အနိုင်ဂိုး ရရေး ပြန်လည် ထိုးဖောက် တိုက်စစ်ဆင် ကစားခဲ့မှု့ပြီး မြန်မာနောက်ခံလူများ ကာကွယ်မှု့ကောင်းနေသည့် အတွက် ရုန်းကန်နေခဲ့ရသည်။ ၅၀ မိနစ်တွင် ကောင်းစည်သူ ထိုးဖောက် ကန်သွင်းခဲ့သော်လည်း ကန်သွင်းချက် ပျော့နေသည့်အတွက် ဂိုးသမား အမိဖမ်းသွားနိုင်ခဲ့သည်။
အင်ဒို အသင်းမှ ချက်ချင်းပင် ထိုးဖောက်မှု့ ပြုရာ ဘယ်ကြောမှ အင်ဒိုအသင်း၏ ဖြတ်တင်ပေးပို့မှု့အား ပြည့်ဖြိုးအောင် ထွက်ဆွဲခဲ့သော်လည်း လွတ်ထွက်လာ ဘောလုံးအား အင်ဒိုတိုက်စစ်မှူး ပိတ်သွင်းချက် ဂိုးတိုင်ဘေး ကပ်ထွက်ခဲ့သဖြင့် မြန်မာတို့ သက်သာခဲ့ရသည်။ ၅၉ မိနစ်တွင် ကျော်ကိုကို ဘယ်ကြောမှ လွတ်ထွက်လာပြီး ကန်သွင်းရာ ဂိုးသမားထိပြီး ထပ်မံ အန်ထွက်လာသည့် ဘောလုံးအား ကျော်ကိုကိုပင် ပိတ်သွင်းယူခဲ့ပြီး ဒုတိယ အနိုင်ဂိုးအား ရယူပေးခဲ့သည်။ ထို့နောက်ပိုင်း မြန်မာတို့ ပိုမို ဖိအားပေး ထိုးဖောက်ကစားနိုင်ခဲ့ကာ ကြည်လင်း၊ ကျော်ဇေယျာဝင်း ကွင်းလယ်အတွဲမှာ အသင်းကို အကောင်းဆုံး ထိန်းကျောင်းနိုင်ခဲ့သည့် အတွက် အင်ဒို အသင်းပေါ် အသာစီး ထိုးဖောက် ကစားထားနိုင်ခဲ့သည်။ ၆၅ မိနစ်တွင် မြန်မာတို့ ဘယ်ကြောမှပင် ကောင်းစည်သူ ဆွဲဝင်ကာ ကန်သွင်းချက်မှ ထပ်မံ ထွက်လာသည့် ဘောလုံးအား ကျော်ကိုကို အပိုင်ပိတ်ကာ သွင်းယူနိုင်ခဲ့သည့် အတွက် တတိယ အနိုင်ဂိုး ရရှိခဲ့သည်။
အင်ဒိုတို့ တတိယဂိုး ပေးလိုက်ရပြိးနောက် ကစားပုံ အနည်းငယ် ပျက်သွားခဲ့ပြီး မြန်မာ အသင်း၏ ထိုးဖောက်မှု့များကို ခက်ခက်ခဲခဲ ကာကွယ်နေခဲ့ရသည်။ ၇၄ မိနစ် ကြည်လင်း ကန်ချက် ဘေးထွက်ခဲ့သလို ကျော်ဇေယျာဝင်း ကန်သွင်းမှု့အားလည်း အင်ဒိုဂိုးသမား ပုတ်ထုတ်နိုင်ခဲ့သည့်အတွက် အင်ဒိုတို့ ဂိုးထပ်မံ မပေးရခဲ့ခြင်း ဖြစ်သည်။ ၈၁ မိနစ်တွင် မြန်မာအသင်းမှ ကောင်းစည်သူ အစား မိုင်းအိုက်နိုင် လူစားထိုး ၀င်ရောက်လာခဲ့သည်။ ၈၃ မိနစ်တွင် ဖျက်ထုတ်မှု့ ကြမ်းတမ်းခဲ့သည့်အတွက် တိုက်စစ်မှူး ညီညီအောင် အ၀ါကတ်ထိ ခဲ့သည်။ ပွဲပြီးခါနီး မိနစ်များတွင် အင်ဒိုတို့ ခြေပဂိုး ရရှိရေး ကြိုးစားခဲ့သော်လည်း မြန်မာနောက်ခံလူများကို မကျော်နိုင်သည့် အတွက် ဂိုးရရေး ခက်ခဲနေခဲ့သည်။ မိနစ် ၉၀ တွင် မြန်မာအသင်းမှ နန္ဒကျော်အစား သက်နိုင် ၀င်ရောက် ကစားခဲ့သည်။ ၉၃ မိနစ်တွင် အင်ဒို အသင်းမှ ကန်သွင်းချက် ကောင်းမွန်ခဲ့သော်လည်း ဂိုးသမား ပြည့်ဖြိုးအောင် လက်စွမ်းပြ ဖမ်းမိသွားခဲ့သည့် အတွက် ပွဲချိန်ပြီးဆုံးချိန်တွင်တော့ မြန်မာအသင်းမှ အင်ဒိုနီးရှား အသင်းအပေါ် ၃း၁ ရလဒ်ဖြင့် အနိုင်ရယူနိုင်ခဲ့သည်။ ယခု အနိုင်ပွဲကြောင့် မြန်မာအသင်းသည် အုပ်စုပွဲစဉ်တွင် နှစ်ပွဲကစား နှစ်ပွဲနိုင် ၆မှတ်ဖြင့် အုပ်စု ထိပ်ဆုံးမှ ဦးဆောင် ထားနိုင်ခဲ့ပြီး ဆီးမီးဖိုင်နယ်တက်ရန် အလားအလာ ကောင်းနေခဲ့ပြီ ဖြစ်သည်။

0 comments:
Post a Comment
မှတ်ချက်များကို စီစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ
ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏
မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။