ကြားဖြတ်ရွေးကောက်ပွဲများအတွက် မိမိအမည် မဲစာရင်း၌ ပါရှိစေရေး ပြည်သူများ သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုကော်မရှင် အဖွဲ့ခွဲများနှင့် ဆက်သွယ်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အသိပေးနှိုးဆော်ထားပါသည်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် လွှတ်တော်အသီးသီးတွင် လွှတ်တော်ကိုယ်စားလှယ် လစ်လပ်နေသော မဲဆန္ဒနယ် ၄၈ နေရာအတွက်
ကြားဖြတ်ရွေးကောက်ပွဲ များကို ၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက် နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ရာ သက်ဆိုင်ရာရပ်ကွက်နှင့် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများအနေဖြင့် မူလမဲစာရင်းကို အခြေခံပြီး နောက် ဆုံးအခြေအနေနှင့် ကိုက်ညီသော တိကျမှန်ကန်သည့် မဲစာရင်းများကို ပြုစုလျက်ရှိကြောင်း သိရသည်။
ထို့ကြောင့် ဥပဒေအရ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများ သက်ဆိုင်ရာ မဲဆန္ဒနယ်၏ မဲစာရင်းတွင် ပါဝင်ခွင့်ရှိ၍ မဲစာရင်းပြုစုရာတွင် မိမိအမည် မဲစာရင်း၌ ပါရှိစေရေး ပြည်သူများ အနေဖြင့် သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲနှင့် ဆက်သွယ်ဆောင်ရွက်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အသိပေးနှိုးဆော်ထားသည်။ ထို့ပြင် ပါတီများအနေဖြင့်လည်း မိမိတို့စည်းရုံးထားသည့် မဲဆန္ဒရှင်များ၏ အမည်များကို သက်ဆိုင်ရာ မဲစာရင်းတွင် ပါရှိစေရေး ပူး ပေါင်းဆောင်ရွက်ပေးကြရန်လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နှိုးဆော်ထားသည်။
၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် ကျင်းပပြုလုပ်မည့် မဲဆန္ဒနယ်များမှာ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၄၀၊ အမျိုးသား လွှတ်တော်မဲဆန္ဒနယ် ခြောက်နယ်နှင့် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် နှစ်နယ်တို့ ဖြစ်ကြသည်။
လက်ရှိတွင် မှတ်ပုံတင်ပြီး ဆက်လက်ရပ်တည်နေသည့် နိုင်ငံရေး ပါတီ ၃၇ ပါတီရှိပြီး ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲပြီးနောက် ပါတီတည်ထောင်ခွင့်လျောက်ထားခဲ့သည့် ပါတီ ၁၀ ခုရှိကာ ၎င်းတို့မှာ ပြည်သူ့ ဒီမိုကရေစီပါတီ၊ အမျိုးသားဒီမိုကရေစီပါတီသစ်၊ ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီ၊ ဒီမိုကရက်တစ် မဟာမိတ်ပါတီ၊ ၈၈ ပြည်သူ့အင်အားစုပါတီ၊ မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၊ မြန်မာအမျိုးသားကွန်ဂရက်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ကရင်ဒီမိုကရက်တစ်ပါတီ၊ မြိုတိုင်းရင်းသားပါတီတို့ ဖြစ်ကြသည်။

0 comments:
Post a Comment
မှတ်ချက်များကို စီစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ
ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏
မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။