"မေ. လာ. လာ၊ နင်ကလည်း နေနိုင်လိုက်တာနော် ငါတို့အားလုံးနှင့် အဆက်အသွယ်ဖြတ်ထားလိုက်တာဆိုတာ"
နွေးနွေးက အပြစ်တင်စကားနှင့် အတူ ခန်းမအ၀င်မှ ခရီး ဦးကြိုပြုရှာသည်။ ကျွန်မတို့ တက္ကသိုလ်တက်သော အချိန်မျိုးဆို နွေးနွေး ကျွန်မကို ဒီထက်မက ပြောမည်မှာ သေချာသည်။ လက်ရှိရောက်နေသော ဆရာကန်တော့ပွဲကြောင့်ပဲလား၊ ငယ်တော့တဲ့ အသက်အရွယ်တွေ မဟုတ်တာကြောင့်ပဲလား မသိ။ နွေးနွေးရဲ့  အပြစ်တင်သံကို ထပ်မကြားရတော့ပေ။ ၀ဲကျလာသော ဆံပင်များကို လက်ဖြင့် သပ်တင်ရင်း ကျွန်မ ခန်းမထဲသို့ မျက်နှာမူလိုက်သည်။ တကယ်တော့ ဒီနေရာမှာ ကျွန်မ ရှိနေဖို့ မကောင်း။ အရာအားလုံးနေသားတကျဖြစ်နေသော ကန်ရေပြင်ကို လှုပ်ခတ်သွားစေမယ့် သူဟာ ကျွန်မ ချစ်ခဲ့သော မောင်လား။ ဒါမှမဟုတ် ကျွန်မကိုယ်တိုင်ပဲလား။ မသိခြင်းများစွာနှင့်ပဲ အားတင်းရင်း ဒီခန်းမထဲ ရောက်နှင့် နေခဲ့ပြီ။ မောင်နှင့် ပတ်သက်လျှင် အမြဲစိုးရိမ်ကြောင့်ကြတတ်သော စိတ်ကိုလည်း ကျွန်မ မုန်းပေမယ့် လက်ခံထားလိုက့်ရသည်။
"ပုလဲ.. ဒီမှာ မေ လာတယ်" နွေးရဲ့  စကားအဆုံးမှ ထိုင်နေရာမှ ပုလဲက လှည့်ကြည့်သည်။ ပုလဲဟန်က မယုံနိုင်သလို။
"မေရယ် .. နင်လာမှ လာပါ့မလားလို့ ငါတို့က စိုးရိမ်နေတာ . ငါတို့အားလုံး ဆုံဖို့က မလွယ်ဘူးလေဟယ်"
"အေးပါ. နင်က အိမ်ထောင်သည်ဆိုတော့ အလုပ် ပိုရှုပ်မှာပေါ့.. " ပုလဲကို ကျွန်မက ပြန်ပြောတော့
"သြော် ငါ့ကို ဖမ်းရင် မိသေးတယ်. နင့်လို အပျိုကြီးက အလုပ်မရှုပ်ပေမယ့် ဖမ်းလို့ မလွယ်ဘူးလေ.. " ပုလဲက ကျွန်မကို ဘုကလန့် ပြောတော့သည်။
"အပျိုကြီးဆိုတာပဲ ခလုတ်တိုက်နေတယ် နင်တို့ကတော့.. စ စရာ ဂုဏ်ပုဒ်တစ်ခု ကျနေတာပဲဟာ"
"မေ ဒါ ငါ့ သမီးလေးလေ . အခု ငါးနှစ်ပြည့်တော့မယ် သိလား"
ချမ်းမြစကားကြောင့် ကျွန်မ အံ့သြသွားသည်။ ကျွန်မတို့ ဝေးနေတာတောင် ဒီလောက်ကြာခဲ့ပြီလား။ ကျွန်မ အားလုံးနှင့် ဝေးရာ ရှောင်ရှားနေခဲ့သည်မှာ အချိန်တွေတောင် အတော်ကြာခဲ့ပြီလား။ ကျွန်မရဲ့  အံ့သြသွားသော မျက်နှာကို ကြည့်ရင်း အားလုံးက နားလည်စွာ ပြုံးသည်။ ကျွန်မ ချစ်သော မောင့်ကြောင့်ပင် ကျွန်မ အားလုံးနှင့် ဝေးကွာခဲ့သည်မှာ ကြာပြီမဟုတ်လား။ နှစ်စဉ် ဆရာကန်တော့ပွဲ လုပ်တိုင်းလည်း ကျွန်မ ရောက်မလာခဲ့။ ဒီနှစ် ဆရာကန်တော့ပွဲမှ ကျွန်မ အကြောင်းတိုက်တိုက်ဆိုင်ဆိုင် ရောက်လာဖြစ်တော့သည်။ အချိန်တွေ အကြာကြီးကြာခဲ့ပြီဆိုတော့လည်း ခံစားချက်တွေ အနည်ထိုင်သင့်ပြီ မဟုတ်လား။
"မေ... ညီညီ လာမှာကို သိလား"
အောင်ကြီး ရဲ့  စကားအဆုံးမှာတော့ ကျွန်မ ရင် ဖျတ်ခနဲ ခုန်သွားသည်။ တည်ငြိမ်နေပြီထင်နေတဲ့ ကျွန်မရင်ထဲမှာ ညီညီဆိုတဲ့ နာမည်တစ်ခု ကြားလိုက်ရုံနှင့် တုန်လှုပ်သွားသည်ဆိုတာတော့ လွန်လွန်းသည်ဟု ကျွန်မကိုယ် ကျွန်မပင် ဒေါသထွက်ရသည်။ မောင်နှင့် ပတ်သက်လျှင် ကျွန်မ ရူးသွပ်နေတုန်းပါပဲလား မောင်။
"ညီညီလာမှာ ငါ သိပါတယ်. အရင်က ငါ မလာဘူး၊ နင်တို့နဲ့ မဆုံဖြစ်ဘူးဆိုတာလည်း ငါ ရှက်လို့ မဟုတ်ပါဘူး. ညီညီ့ကိုလည်း ငါ မုန်းလို့ နာကြည်းလို့ မဟုတ်ပါဘူး. မပြည့်စုံတဲ့ ငါ့ဘ၀အတွက် ငါ ကြိုးစားနေရလို့ပါ"
"မေ နင်က ပြည့်စုံပါတယ်. ငါတို့ ထင်ထားတာထက်တောင် နင့်စိတ်ထားက ပြည့်ဝနေလို့ " အောင်ကြီး စကားမဆုံးခင်မှာပဲ ကျွန်မ ၀င်ပြောလိုက်သည်။
"ညီညီလည်း သူ့အမျိုးသမီးကို ခေါ်လာမယ် မဟုတ်လား.." အသင့်ပြင်ထားတဲ့ စောင့်ဆိုင်းနေသူတစ်ယောက်ရဲ့  ခံစားချက်မျိုးနှင့် ကျွန်မ မေးလိုက်မိသည်။ ဒီလိုခံစားချက်တွေကို သူငယ်ချင်းတွေ ရိပ်မိသွားမှာကိုလည်း ကျွန်မ စိုးရွံသည်။ သူတို့အားလုံးကတော့ ကျွန်မ ခံစားချက်ကို အမှတ်တမဲ့ပင်ဖြစ်ပုံရသည်မို့ ကျွန်မ စိတ်သက်သာရာ ရသည်။ အားလုံးက ကျွန်မရဲ့  နောက်ကျောကို ကျော်ကြည့်နေတာ မြင်တော့မှ ကျွန်မ လှည့်ကြည့်မိသည်။ တလှမ်းချင်းလျှောက်လာသော မောင်က တည်တည်ငြိမ်ငြိမ်နှင့် လှမ်းကြည့်သည်။ ကျွန်မကို မြင်တော့မှ အံ့သြသွားဟန်နှင့်။ မောင်နှင့် လမ်းခွဲပြီးကတည်းက သူငယ်ချင်းတွေ ဆုံဆည်းမှု့တွင် ဘယ်တုန်းကမှ ရောက်မလာခဲ့ဖူးသော ကျွန်မကို မောင်မြင်လိုက်ရတော့ အံ့သြသွားသည်မှာ မဆန်း။ မောင်က ကျွန်မကို အပြစ်ရှိသူတစ်ယောက်ရဲ့  မျက်လုံးမျိုးနှင့် မ၀ံ့မရဲ နှုတ်ဆက်ရှာသည်။
"မေ .. နင်လာသေးတယ်နော်"
"ငါ မအားလို့ပါ ညီ" စကားကို အတိုဆုံးနှင့် အပြတ်သားဆုံးဖြစ်အောင် ကျွန်မ ကြိုးစားပြောလိုက်သည်။ ယုံကြည်မည်မထင်ပေမယ့် ကျွန်မ မတတ်နိုင်။ လိမ်ဖြစ်လိုက်သည်။ ကျွန်မ မောင်နှင့် ပတ်သက်လျှင် စကားမှားလို့ မဖြစ်။ အားလုံးရဲ့  ရှေ့မှာ ကျွန်မ နောက်တစ်ကြိမ် လဲမကျချင်တော့ဘူး မောင်။ အချစ်အတွက် ရူးသွပ်နေရမယ့် အရွယ်တွေလည်း မဟုတ်တော့ဘူး မောင်။ ကျွန်မတို့ နှစ်ယောက်ကြားက အခြေအနေကို အားလုံးက ထိန်းထိန်းသိမ်းသိမ်းနှင့်။ အခန်းအနားအစီအစဉ် စတင်ပါပြီ. အစီအစဉ် ကြေငြာချက်နှင့် အတူ ကျွန်မတို့တွေ အာရုံပြောင်းသွားကြသည်။ ဆရာတွေကို ကန်တော့ အပြီးမှာတော့ စားရင်းသောက်ရင်း မှတ်မိသူတွေ၊ မမှတ်မိတဲ့ သူငယ်ချင်းတွေ၊ အတန်းဖော်တွေ နှုတ်ဆက်ကြ၊ ဆရာ၊ ဆရာမတွေကို နှုတ်ခွန်းဆက်ကြနှင့် ပျော်စရာကောင်းစွာနှင့် အလုပ်များနေကြတော့သည်။
"မေ ငါ လိုက်ပို့ပေးမယ်လေ. " အားလုံးလမ်းခွဲကြတော့ မောင်က ကျွန်မကို လှမ်းပြောသည်။ သူငယ်ချင်းတွေကတော့ နားလည်သည့်အပြုံးနှင့်။ ဒီအချိန်မှာ ကျွန်မ ငြင်းလို့ မဖြစ်ဘူးဆိုတာ ကျွန်မသိပါသည်။ ကျွန်မရင်ထဲမှာ ညီညီဆိုတဲ့ မောင် မရှိတော့ဘူးဆိုတာ ကျွန်မ သက်သေပြရမယ့် အချိန်ပဲလေ။ အခု ကျွန်မ ဘေးနားမှာ ရပ်နေတာ ကျွန်မရဲ့  သူငယ်ချင်း ညီညီအဖြစ်ပဲ ကျွန်မ ရင်းနှီးနေရမှာပေါ့။ ကျွန်မ ချစ်သော မောင်က လွန်ခဲ့တဲ့ ၅ နှစ်လောက်က သေဆုံးခဲ့ပြီပဲလေ။ ကျွန်မ ခေါင်းညိမ့်တော့ မောင် ၀မ်းသာစွာ ပြုံးသည်။
"မေ စကားနည်းနည်း ပြောချင်လို့ ဆိုင်ခဏထိုင်ရအောင်လား"
"အေး ရတယ်လေ.. နင့်မိန်းမ ငါ့နဲ့ အထင်လွဲသွားမှ ငါ့ကို လိုက်ရှင်းမပြခိုင်းနဲ့နော် " ကျွန်မ ဘာမှ မဖြစ်သလို မောင့်ကို ရယ်ရယ်မောမော ပြောတော့ မောင် အံအားသင့်စွာ ကြည့်သည်။
"မေ ငါ လက်မထပ်ဖြစ်တာ နင် မသိဘူးလား" မောင့်ရဲ့  စကားအဆုံးမှာတော့ ကျွန်မ မယုံမရဲ နှင့် ခေါင်းခါ ပြမိသည်။
"နင်က ငါနဲ့ ပတ်သက်တဲ့ အကြောင်းတွေကို ဘယ်သူ ပြောတာမှ လက်မခံဘူးထင်တယ် ဟုတ်လား မေ. နင် စိတ်နာမယ်ဆိုလည်း နာသင့်ပါတယ်လေ. ငါက နင်မဟုတ်တဲ့ တခြားတစ်ယောက်ကို လက်ထပ်ဖို့ ရွေးချယ်မိတာကို. ဒါပေမယ့် ငါ မသိလိုက်တာက သူဟာလည်း နင့်လို သိပ်ပြီး ပြောပြရခက်တဲ့ မိန်းကလေးမျိုးဖြစ်နေတာပဲ. ပြီးတော့ သူနဲ့ တွေ့တိုင်းမှာ ငါ နင့်ကို သတိရနေတာ အကြောင်းရင်းခံပဲ. သူကလည်း သိပ်ပါးနပ်ပါတယ်. အဲဒါကို သူသိနေတယ်လေ. မေ"
"ဘာအကြောင်းကြောင့်ပဲ ဖြစ်ဖြစ်ပေါ့ ညီရယ်.. နင် လက်ထပ်ဖြစ်တာ လက်မထပ်ဖြစ်တာ အဓိက အကြောင်းမဟုတ်ပါဘူး.. ငါ နင့်ကို စိတ်နာတယ်ဆိုတာ ငါ ၀န်ခံပါတယ်. ငါ့ကိုယ်ငါလည်း အဲဒါကို ခွန်အားအဖြစ် ပြောင်းနိုင်ခဲ့တယ်. အဲဒီအတွက်လည်း နင့်ကိုလည်း ကျေးဇူးတင်ပါတယ် ညီ. အခု ငါ့မှာ နင်တို့အသိုင်းအ၀ိုင်းလိုလားတဲ့ ရုပ်ဝတ္ထုတွေ ပြည့်စုံနေပြီ ညီရဲ့ . "
"နင် ငါ့ကို မငေါ့ပါနဲ့လား မေရယ်.. ငါ အိမ်က စီစဉ်လို့ ၊ ရုပ်ဝတ္ထုတွေ မက်လို့ မဟုတ်ဘူး. နင်က ငါ့ရဲ့  ဦးဆောင်မှု့ အောက်မှာ နေနိုင်မယ့် မိန်းကလေးမျိုး မဟုတ်လို့ပဲ. ပြီးတော့ ငါ မလုပ်နိုင်တဲ့ အရာတွေအတွက် နင်ရှုံ့ချမှာ ငါကြောက်တယ်. ဒါပေမယ့် မြတ်ကလည်း နင့်လို မိန်းကလေးပါပဲ. ပြီးတော့ ငါနဲ့ သူနဲ့ ကြားမှာ သံသယတွေပဲ ရှိတယ် မေ. အချစ်မရှိဘူး. အဲဒါကြောင့် မိဘတွေ ဘယ်လိုပဲ စီစဉ်ထားပေမယ့် ငါတို့ လမ်းခွဲလိုက်တယ်. အဲဒီနောက်ပိုင်းမှာတော့ ငါ နင့်ကို တွေ့ဖို့ ကြိုးစားတယ်. နင့်ကို ငါလာမတွေ့ရဲတာလည်း ပါတယ်. သူငယ်ချင်းတွေ အားလုံး နင့်ဖက်ကပဲ ရှိနေခဲ့တယ်လေ.. "
မောင် သက်ပြင်းချပြီး မှန်ပြတင်းအပြင်ကို ငေးနေတော့သည်။ အချိန်တွေ ပြောင်းသွားပေမယ့် မောင်က ကြည့်ကောင်းနေတုန်းပါပဲ။ ကျွန်မသိပ်ချစ်ခဲ့တဲ့မောင်၊ ကျွန်မကို သိပ်ချစ်ခဲ့ဖူးတဲ့ မောင်က ဟိုးကမ္ဘာတစ်ဖက်မှာ ကျန်ရစ်ခဲ့သလိုပါပဲ။ မိန်းကလေးမှ ယောကျာင်္းလေးမှ မဟုတ်ပါဘူးမောင်ရယ်.. ဘယ်သူမဆို ကိုယ်ချစ်တဲ့သူကို ကာကွယ်ပေးချင်တယ်. ဘယ်သူက ကိုယ့်ချစ်သူကို နိမ့်ကျစေမှာလဲမောင်။ အခုတော့ အခုတော့ ကျွန်မတို့ ကြားမှာ နံရံတွေ ခြားသွားပါပြီမောင်။ ပါးလွှာပေမယ့် အတိုင်းအတာမသိလောက်အောင် ထူထဲနက်နဲစွာကို ခြားနားခဲ့ကြပါပြီ။
"မေ. မောင့်ကို ခွင့်လွှတ်နိုင်ဦးမလား.." ရီဝေနေတဲ့ မောင့်မျက်ဝန်းတွေမှာ မျှော်လင့်ချက်အရောင်လေး တစ်ငွေ့ငွေ့။
"ခွင့်မလွှတ်နိုင်စရာ အကြောင်းမရှိပါဘူး မောင်။ နင့်ကို ငါလာတွေ့ဖို့ ငါ အားတင်းပြီး လာခဲ့ရတာပါ. အမှန်အတိုင်း ၀န်ခံရရင် နင့်ကို ငါ သိပ်ချစ်တာပါ မောင်. ဒါပေမယ့် နင် ကြောက်ခဲ့တဲ့ မိန်းမတစ်ယောက်ရဲ့  ဆုံးဖြတ်ချက်မျိုးပဲ ငါ့မှာ ရှိတယ်။ ငါက နင်မပန်ချင်လို့ စွန့်ပစ်ခဲ့တဲ့ ပန်းတစ်ပွင့်ပဲလေ.. အဲဒီပန်းလေး နွမ်းလို့ပဲ ဖြစ်ဖြစ်၊ ခူးခြွေခံရလို့ပဲ ဖြစ်ဖြစ် နင် လှည့်မကြည့်တော့နဲ့လေ.. ပန်းတစ်ပွင့်ရဲ့  တန်ဖိုးကို မျက်ကွယ်ပြုခဲ့ပြီးမှတော့ နင့်ရဲ့  ခံစားမှု့အတွက်နဲ့ ဒဏ်ရာရသွားတဲ့ ပန်းတစ်ပွင့်ဟာ နေမြဲ နေပါစေတော့.. နင်ဟာ ငါ့ရဲ့  ထာဝရ သူငယ်ချင်းပါပဲ မောင်."
မိုးတွေ မညိုပါပဲ ကျွန်မတို့ ရင်မှာ ညိုနေပြီ မောင်... တစ်ယောက်မျက်ဝန်းကို တစ်ယောက်မကြည့်ရဲခဲ့တော့ပါဘူး။ အိမ်ပြန်ချိန် လမ်းခွဲချိန်ဟာ နောက်တစ်နေ့ဆိုတဲ့ မျှော်လင့်ချက်နဲ့ မလှပနိုင်တော့ဘူး။ ခါးသီးခဲ့ပြီးပြီ။ ကျွန်မနှလုံးသားမှာ မောင့်ရဲ့  စွန့်ပစ်ခြင်းလောက် ထပ်ခါးစရာမရှိတော့ပါဘူး မောင်ရယ်။ ဘ၀မျာ ကိုယ်စီလမ်းတွေ ဆက်လျှောက်ရတော့မယ်. ကျွန်မဘေးနားမှာ မောင်မရှိနိုင်တော့သလို မောင့်ဘေးနားက ပါရမီဖြည့်ဖက်ဟာလည်း ကျွန်မ ဖြစ်ခွင့် မရှိနိုင်တော့ဘူးလေ။ တခါတလေမှာ ပန်းတွေမှာ ဆူးရှိတတ်တယ် မောင်။ ပန်းရဲ့  မာနလို ဆိုချင်လည်း ဆိုနိုင်ပါရဲ့ ။ ပန်းရဲ့  ဆူးဟာ ခူးသူကို စူးစေတတ်သလို ဆူးရဲ့  မာန်နဲ့ ပန်းတစ်ပွင့်ဟာလည်း ကိုယ်ကိုယ်တိုင် အထိနာတတ်တယ်ဆိုတာ ကျွန်မ နှလုံးသားနဲ့ ရင်းပြီး ပြောပြရင် မောင်နားလည်မယ် မထင်ပါဘူးလေ...

0 comments:
Post a Comment
မှတ်ချက်များကို စီစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ
ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏
မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။