![]() |
| နည်းပညာတက္ကသိုလ်ကျောင်းသူကျောင်းသားများ (ဓါတ်ပုံ-Google Images) |
သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန လက်အောက်ရှိ တက္ကသိုလ်၊ ကောလိပ် အသီးသီးတို့မှ သင်ကြားရေးပိုင်း တာဝန်ယူထားကြသည့် ဆရာ၊ဆရာမများအား စိစစ်ရွေးချယ်၍ ဥရောပသမဂ္ဂအဖွဲ့မှ ခေါ်ယူပညာသင်ကြား ပေးနေပြီဟု ၄င်းဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
”အီးယူနဲ့ အရင်တုန်းက ဆက် သွယ်မှုတွေရှိပေမယ့် သင်ကြားရေးကို အခုလို ပညာသင်ပေးတာကတော့ ဒါပထမဦးဆုံးပဲ”ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။
ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံများမှ ပညာခေါ်ယူသင်ပေးမှုအနေဖြင့် ပမာဏအနည်းငယ်သာ ရှိသော်လည်း နောက်ပိုင်း၌ ယခုထက်ပိုမို၍ များပြားလာဖွယ်ရှိသည်ဟု အထက်ပါ ပုဂ္ဂိုလ်က ထပ်လောင်းဆိုသည်။
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန လက်အောက်ရှိတက္ကသိုလ်၊ ကောလိပ်အသီးသီးတို့မှ စာမေးပွဲစစ်ဆေးသည့်စနစ် ပုံစံနှင့်သင်ကြားနည်း စနစ်ပုံစံတို့ကို ပြုပြင်ပြောင်း လဲ နေမှုများ ပြုလုပ်လျက်ရှိရာသင်ကြား ရေးဆရာ၊ဆရာမများ၏ အခန်းကဏ္ဍမှာ ပိုမိုအရေးကြီးလာကြောင်း နည်းပညာမြင့်မားသည့် EU နိုင်ငံများမှ ယခုကဲ့သို့သင် ကြားပေးမှုများ ရှိလာခြင်းသည် သိပ္ပံနှင့်နည်းပညာ အခန်းကဏ္ဍအဆင့်မြင့်ရန် အထောက်အကူ ဖြစ်စေလာမည်ဟု မြန်မာ့ပညာရေး လေ့လာနေသူအချို့က သုံးသပ်သည်။
နိုင်ငံတကာ ပညာရေးအတိုင်ပင်ခံတစ်ဦးက ”နိုင်ငံရပ်ခြားမှာ အစုအဝေးနဲ့ ပညာသွားသင်ခိုင်းပြီး အချိန်တန်တော့ ပြန်လာပြီး လုပ်ကိုင်ကြတဲ့အတွက် တစ်ရှိန်ထိုး တိုးတက်သွားတဲ့ တရုတ်ရဲ့ကောင်းတဲ့ ဥပမာကိုယူပြီးပြောရရင် ဒါဟာ အရမ်းကောင်းတဲ့ လုပ်ရပ်တစ်ခုပါပဲ။ အခု အီးယူဆိုတော့ အတိုင်းထက်အလွန်ပါပဲ”ဟု ပြောသည်။
နိုင်ငံခြားတိုင်းပြည်များမှ သင်ကြားရေးပိုင်း တာဝန်ယူထားသူများသာမက ဘွဲ့ကြို၊ ဘွဲ့လွန်သင်တန်းသားများအား ပညာသင်ကြားပေးရန် ကမ်းလှမ်းလာမှုများမှာလည်း ယခု ပညာသင်နှစ်အတွင်း များစွာတိုးမြင့်လာနေကြောင်း နေပြည်တော်ရှိ သိပံ္ပနှင့် နည်းပညာဝန်ကြီးဌာနမှ သိရသည်။
အဆိုပါဝန်ကြီးဌာနမှ တာဝန်ရှိသူက ”အရင်တုန်းကလည်း ပညာသင်ဆုခေါ်ပေးတယ် ဆိုတာရှိပါတယ်။ ဒါပေမဲ့ အခုနောက်ပိုင်းမှာ ပိုများလာတယ်။ တောင်ကိုရီးယား၊ တရုတ်၊ အိန္ဒိယ နောက်အီးယူ၊ ပြီးတော့ အာဆီယံနိုင်ငံတွေထဲကဆိုရင် ထိုင်း၊ စင်ကာပူ၊ ဘရူနိုင်း ဒီနိုင်ငံတွေက ပိုပြီးကမ်းလှမ်းလာတဲ့ပုံစံပါ” ဟု ထပ်လောင်းဆိုသည်။
ဆရာ၊ဆရာမအင်အား လုံလောက်စွာဖြင့် ဖိဖိစီးစီးသင်ကြားနိုင်ရန်အတွက် ဘာသာရပ်များ သီးသန့်အလိုက် တက္ကသိုလ်ခွဲကာ တက်ရောက်ရမည့်အပြင် ဘွဲ့လွန်နှင့် ပါရဂူ တန်းများကိုလည်း ရန်ကုန်နှင့်မန္တလေးတို့ရှိ သတ်မှတ်တက္ကသိုလ်နှစ်ခုတွင်သာ ယခုပညာသင်နှစ်မှ စ၍ ပြောင်းလဲတက်ရောက်ရမည် ဖြစ်ကြောင်းလည်း အဆိုပါဝန်ကြီး ဌာနမှ သိရသည်။
Posted in: သတင်း















0 comments:
Post a Comment
မှတ်ချက်များကို စီစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ
ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏
မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။